ကလေး ဖြည့်စွက်အစားအစာ
1. ကလေး အသက် (၁) နှစ် မကျော်သေးပါက သူတို့ကို ကျွေးတဲ့ ဖြည့်စွက်အစားအစာ၊ အဆာပြေမုန့်၊ ခေါက်ဆွဲ၊ ကြာဇံ၊ ထမင်း၊ အသား၊ ငါး စတာတွေ ချက်ရာတွင် အိမ်သုံးဆား ထပ်ထည့်ပြီး ချက်ပြုတ်ရန် မလိုအပ်ပါ။ အစားအစာ များ ကို သဘာဝ အရသာ အတိုင်း သာ စကျွေးပါ။
2. အသက် ၇ ပြည့်ပြီး ကလေး ကို ကြက်ဥ စကျွေးလို့ရပါပြီ။ ကြက်ဥ ကျွေးတဲ့ နေရာမှာ ပထမ ရက်မှာ အနည်းငယ် စကျွေးပြီး၊ ဓါတ် တည့် မတည့် ကို အနည်းဆုံး မိနစ် ၃၀ ခန့် စောင့်ကြည့်ပြီး အနီစက်၊ အင်ပြင် စတဲ့ ဓါတ်မတည့်တဲ့ လက္ခဏာမတွေ့ပါက နောက်ရက်တွေ ဆက်ကျွေးလို့ရပါသည်။
3. အိမ်သုံး သကြား ကို ကလေး အသက် (၂) ကျော်မှ သာ ထည့်သုံးသင့်ပါသည်။ အသက် (၂) နှစ် မကျော်ခင် သကြားများတဲ့ အစားအစာ များ ကျွေးမိပါက ရေရှည်တွင် ကလေးအဝလွန်ရောဂါ၊ ဆီးချိုရောဂါ နှင့် အာဟာရချို့တဲ့ သည့် ပြဿနာများ ကြုံတွေ့ လာနိုင်ပါသည်။
4. ကလေးတွေ ကို နွားနို့ တိုက်တော့မယ်ဆိုရင် အသက် (၂) နှစ်ကျော်မှ တိုက်သင့်ပါသည်။ သေချာ ပိုးသတ်ထားသော (သို့) ကျိုချက်ထားသော နွားနို့ ကို တနေ့ (၂) ခွင် တိုက်ပေးခြင်းဖြင့် အရိုးအဆစ် နှင့် ကြွက်သားတို့ကို ကျန်းမာ သန်စွမ်း စေသည့်အပြင် အရပ်ရှည်ဖို့အတွက်ပါ အထာက်အကူ ဖြစ်စေပါသည်။
5. ကလေးတွေ ကို နေ့လည်နေ့ခင်း အဆာပြေမုန့် တခုခု ကျွေးတဲ့ အခါ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ နို့ နှင့် နို့ထွက် ပစ္စည်း စတဲ့ အစားအစာ များထဲ မှာ တခုခု ပါဝင်အောင် ချက်ပြုတ်ပြင်ဆင်ပေးသင့်ပါသည်။ ဥပမာ - နို့ ကန်စွန်းဥ သာကူ၊ နို့ဆန်ပြုတ်၊ ကြကဥပူတင်း၊ ပဲမုန့်၊ ပဲပေါင်မုန့်၊ ကြက်သားပေါင်း၊ ပေါက်စီ၊ ပဲနို့၊ နွားနို့။
6. ကလေးတွေကို ၆ လပြည့်လို့ ဖြည့်စွက်စာကျွေးရင် ဆန်ပြုတ်လို အနေအထား ကို အသက် ၁၀ လ လောက် အထိ သာ ကျွေးပြီး ၁၀ လ ကျော်ပါက ထမင်းပျော့ပျော့လေး ကို အရွက်ကြော် အနည်းငယ်၊ ပဲဟင်း၊ အသား၊ ငါး စတာတွေ ကို တောက်တောက်စင်းပြီး အချိုချက်ပြီး စကျွေးကြည့်ပါ။ ဒါမှ နောက်ပိုင်း ထမင်းစေ့ကို သေချာစားတတ်လာပါလိမ့်မည်။
7. ကလေး တယောက် ကို အစားအစာ အသစ် စကျွေးဖို့အတွက် ကြိုးစားမည် ဆိုပါက အနည်းဆုံး တပါတ် အချိန်ပေးဖို့လိုအပ်ပါသည်။ အစားအစာ အပြောင်းအလဲ မှာ တခါလောက် ကျွေးကြည့်ပြီး ကလေး က မစားလို့ ဆက်မကျွေးတာမျိုးမလုပ်သင့်ပါ။ အစားအစာ အသစ် စတင်မိတ်ဆက်ရင်လဲ တမျိုးချင်းစီသာ စကြိုးစားပြီးကျွေးတာ အကောင်းဆုံးပါ။
8. ကလေးတွေ ကို အသက်ငါးနှစ် မကျော်မခြင်း မြေပဲစေ့၊ ဖရုံစေ့၊ သီဟိုစေ့၊ ဗာဒံစေ့ စတာတွေ ကို အစေ့လိုက် မကျွေးသင့်ပါ။ အခန့် မသင့်လျှင် အစာ သီးတတ် ပါသည်။ ဒါကြောင့် ကျွေးချင်လျှင် သေချာ ချေ ပြီးမှ ကျွေးပါ။ ကျွေးမယ် ဆိုရင်လည်း အသက် ခြောက်လ ပြည့်ပြီးမှ တည့်မတည့် စမ်းကျွေးကြည့်ပါ။ တချို့ကလေး တွေမှာ Allergic ဖြစ်တတ်ပါသည်။
9. ကလေးတွေ ကို လူကြီးတွေ စားသလို ပုဇွန်အစိမ်းသုတ်လိုမျိုး၊ ပင်လယ်စာ အစိမ်းသုတ် လိုမျိုးကျွေးလို့မရပါ။ ကလေးငယ်တွေ ရဲ့ အူလမ်းကြောင်း က နုနယ်သေးတဲ့ အတွက် အသားအစိမ်း ငါးအစိမ်းတွေ မှာပါတဲ့ ဘတ်တီးရီးယားတွေ ကြောင့် အစာအဆိပ်သင့်တာ ကို ဆိုးရွားစွာ ခံစားရတတ်ပါတယ်။ ဒါကြောင့် အစာအစိမ်း ကျွေးခြင်းကို ရှောင်ပါ။
10. မသန့်ရှင်းတဲ့ ပျားရည် က ကလေးငယ်တွေရဲ့ အူလမ်းကြောင်း ကို ဒုက္ခပေး နိုင်ပါသည်။ ပျားရည်မှာ ပါလာတတ်တဲ့ ဘတ်တီးရီးယား ပိုးတွေက ထုတ်လိုက်တဲ့ အဆိပ်အတောက်တွေက ကလေးငယ်တွေရဲ့ အူလမ်းကြောင်းကို ထိခိုက်ပြီး အစာအဆိပ်သင့်သလို ဖြစ်တတ်ပါသည်။ ကလေးငယ်များ အသက် နှစ်နှစ် မကျော်မခြင်း ပျားရည်မကျွေးသင့်ပါ။ သန့်စင်ထားတဲ့ ပျားရည်ဆိုရင် ၂ နှစ်ကျော်ရင် ကျွေးလို့ရပါသည်။
11. အသားဓါတ် ကို လိုအပ်တာထက် ပိုစား၊ ပိုကျွေးမိတဲ့ ကလေးတွေ မှာ ရေရှည် မှာ ကလေးအဝလွန်ရောဂါ (childhood obesity) တွေ အဖြစ်များလာတယ် ဆိုပြီး လေ့လာတွေ့ရှိချက်တွေ ပေါ်ထွက်လာပါသည်။ ထို့ကြောင့် သင့်တင့် လျောက်ပတ်သော အာဟာရ ဓါတ် ရအောင် ထမင်းပန်ကန် လေးပုံ ပုံပြီး တစ်ပုံ ကို အသားဓါတ် ထည့်စားပေးသင့်ပါသည်။
12. ကလေးတွေ ကို ဉာဏ်ကောင်းအောင်ဆိုပြီး ပင်လယ်ငါး ကျွေးတော့မယ်ဆိုရင် တပါတ် ကို နှစ်ရက် ထက်ပိုပြီး မကျွေးသင့်ပါ။ ပင်လယ်ငါးမှာ ပါဝင်တဲ့ မာကျူရီ ဓါတ် က များသွားပါက အန္တရာယ် ဖြစ်ပေးနိုင်သည့်အတွက် တပါတ် နှစ်ရက် လောက်သာ ကျွေးခြင်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။
13. ကလေးကို အသီးတော်တော်များများ ကျွေးလို့ အဆင်ပြေပါသည်။ အရည်ရွှမ်းတဲ့ အသီးများ၊ (လိမ္မော်သီး၊ ဖရဲသီး၊ နဂါးမောက်သီး၊ နာနတ်သီး) ကယ်လိုရီများတဲ့ အသီးများ (ထောပတ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး)စတာတွေ ကို အလှည့် ကျ ကျွေးပေး ရင် ပို သင့်တော်ပါသည်။
14. လူကြိုက်များလာတဲ့ "တည်သီး" ကို ကလေးတွေ မှာ မကျွေးသင့်ကြောင်း တွေ့ရှိလာပါသည်။ အစာချေရခက်သည့် တည်သီး က စားပြီးပါက အခန့်မသင့်လျှင် အူလမ်းကြောင်းမှ အစာလုံးကြီး အနေနဲ့ ပိတ်ပြီး အူပိတ်တာ လိုမျိုး ဖြစ်တတ်တဲ့ အတွက် တည်သီး ကို ကလေးတွေ မှာ တတ်နိုင်သလောက် မကျွေးသင့်ပါ။
Comments
Post a Comment