ပဲနို့ သောက်ရင် ဘာတွေ ကောင်းလာမလဲ
နွားနို့ နှင့်ဓါတ်မတည့်လို့ပဲဖြစ်ဖြစ်၊ lactose intolerance ရှိလို့ပဲ ဖြစ်ဖြစ်၊ နွားနို့ အနံ့အရသာ ကို မခံနိုင်လို့ပဲ ဖြစ်ဖြစ်၊ ဒီတိုင်း ကြိုက်လို့ပဲ ဖြစ်ဖြစ် နွားနို့အစားထိုး ပဲနို့တွေ ကို သောက်လာကြပါတယ်။ နွားနို့ထက်စာရင် တာရှည် ပိုခံတဲ့ အတွက် ပဲနို့ကို အလွယ်တကူ သောက်လာကြတာလဲ တွေ့ရပါတယ်။ အာဟာရ တန်ဖိုးအားဖြင့် ကောင်းတာတွေ ပါဝင်တာတွေ တွေ့ရပါတယ်။
1. ပရိုတင်း (အသားဓါတ်) ပြည့်ဝစွာပါဝင်ခြင်း - တခြားသော အပင်က ရတဲ့ အသားဓါတ်တွေ နဲ့ မတူတဲ့ အချက်ကတော့ ပဲနို့ ထုတ်တဲ့ ပဲပုပ်စေ့ မှာ လူ့ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နို အက်ဆစ် Amino Acid ၉ မျိုးပါဝင်ပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ antibody တွေကို ထုတ်ပေးနိုင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ 240 ml ပါ တဲ့ ပဲနို့ တစ်ခွက်မှာ ပရိုတင်းဓါတ် 7 gram ပါဝင်ပါတယ်။
2. ကယ်ဆီယမ် (ထုံးဓါတ်) ကြွယ်ဝ စွာပါဝင်တဲ့အတွက် အရိုးပါးတဲ့ သူများ။ သွေးဆုံးပြီး အမျိုးသမီးများ၊ အရိုးသိပ်သည်းဆ နည်းတဲ့ သူများ သောက်သင့်ပါတယ်။ 240 ml ပါ တဲ့ ပဲနို့ တစ်ခွက်မှာ ကယ်လဆီယမ် 299 မီလီဂရမ်ပါဝင်ပါတယ်။ ဒီပမာဏ ကတော့ လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ကယ်လဆီယမ် ဓါတ်ရဲ့ 30 % ဖြစ်ပါတယ်။
3. သံဓါတ် ပါဝင်တဲ့ အတွက် သွေးအားနည်းရောဂါ ရှိတဲ့ သူတွေ အတွက် ကောင်းမွန်တဲ့ အစားအစာ တစ်မျိုးပါ။ 240 ml ပါ တဲ့ ပဲနို့ တစ်ခွက်မှာ သံဓါတ် 1.1 မီလီဂရမ် ပါဝင်တဲ့ အတွက် လူတစ်ဦးတစ်နေ့တာ လိုအပ်တဲ့ သံဓါတ် ပမာဏ ရဲ့ 14 % (အမျိုးသား) 6 % (အမျိုးသမီး) ကို ဖြည့်တင်းပြီးသား ဖြစ်ပါတယ်။
4. ပဲနို့မှာ ကြွယ်ဝ စွာပါဝင်တာကတော့ Riboflavinလို့ခေါ်တဲ့ ဗီတာမင် B2 နှင့် B12 ပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲ က DNA synthesis အတွက် အရေးပါသလို အာရုံကြော ကျန်းမာရေး အတွက် အသုံးဝင်ပါတယ်။240 ml ပါ တဲ့ ပဲနို့ တစ်ခွက်က riboflavin 0.51 မီလီဂရမ် ပါတဲ့ အတွက် လူတစ်ဦး တသ်နေ့တာ လိုအပ်တဲ့ 39 % (အမျိုးသား) 46 % (အမျိုးသမီး) ဖြည့်တင်းပေးနိုင်ပါတယ်။ ဗီတာမင် B12 ကတော့ 3 micrograms ပါဝင်ပါတယ်။ တစ်နေ့တာ လုံလေက်ပါတယ်။
5. ပဲနို့မှာ Flavonoid ပါဝင်တဲ့ အတွက် သွေးပေါင်ချိန် ကို လျော့ကျစေနိုင်တဲ့ အပြင် polyphenol ဓါတ်တွေ ပါဝင်တဲ့အတွက် ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါ နှင့် နှလုံးရောဂါ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
6. Polyunsaturated fat (မပြည့်ဝဆီ) များတဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကို ကျစေတဲ့ အတွက်ကြောင့် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြော ကျဉ်း ရောဂါ တွေ ကို ကာကွယ်ပေးနိုင်ပါတယ်။
7. ကယ်လိုရီ နှင့် ပရိုတင်း ဓါတ်များတဲ့ အတွက် ဝိတ်တက်ချင်တဲ့ သူတွေ ကြွက်သား ထွက်အောင် ကစားနေတဲ့ သူတွေ အတွက် အဆင်ပြေပါတယ်။
သတိပြုသင့်သည့် အချက်များ
တချို့သော ပဲနို့တွေ မှာ သကြားဓါတ် sugar 8-30 gram လောက်အထိ ပါနေတတ်ပါတယ်။ ဒါကတော့ ချိုလွန်းပါတယ်။ ဒါမျိုးကိုတော့ ဆက်တိုက် မသောက်သင့်ပါ။ သောက်ရင် နောက်ပိုင်း ဆီးချိုရောဂါ ဖြစ်လာစေတဲ့ အပြင် သွေးတွင်း အဆီဓါတ် triglycerides တွေပါတက်လာစေနိုင်ပါတယ်။ ဒါကြောင့် ပဲနို့သောက်တော့မယ် ဆိုရင် ဘူးမှာပါတဲ့ Nutrition Label (အာဟာရ အညွှန်း) ကို ဖတ်ပြီး sugar ဘယ်လောက်ပါလဲ တချက် ဖတ်ပါ။ 8 gram ထက်ကျော်နေရင် နေ့တိုင်း မသောက်သင့်ပါ။ ရက်ခြားသောက်ပါ။ 8 gram နှင့် 8 gram အောက်ဆို နေ့တိုင်းနီးပါးသောက်နိုင်ပါတယိ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Comments
Post a Comment